ပထမအကြိမ် အမျိုးသားများစုံညီဓမ္မသဘင်
ဖေ‌ဖော်ဝါရီ 18, 2019
အမျိုးသမီးကိုယ်ထူကိုယ်ထ အဖွဲ့ဝင်များ စွမ်းဆောင်ရေးမြင့်တင်ခြင်း သင်တန်း
ဖေ‌ဖော်ဝါရီ 21, 2019

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် ကူရှင်ခန်းမတွင် ဝန်ထမ်းများစုံညီတွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက် အင်္ဂါနေ့ နံနက်(၈း-၁၀း၃၀)နာရီအချိန်တွင် ပြုလုပ်ရာ အသင်းချုပ် ဌာန(၁၂)ခုမှ တာဝန်ခံများနှင့် ဝန်ထမ်းများ ခရီးပြုနေသူများမှလွဲ၍ စုံညီစွာတက်ရောက်ပါဝင်ပါသည်။ ရုံးအုပ်ကြီး ဆရာ မန်းဂီးဒီယံက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ထန်ကျင့်လျန်းက အမှာစကားပြောကြားရာ မနှစ်က မှာကြားထားသည်များကိုသာ ထပ်မံ ဖော်ပြလိုကြောင်း ပြောကြားပြီး အချက်(၇)ချက် ပြန်လည်ဖော်ပြပါသည်။
၁) နှစ်ခြင်းအသင်းချုပ်သည် မြန်မာပြည်တစ်ပြည်လုံး၏နှစ်ခြင်းရုံးစိုက်ရာဖြစ်၍ အသင်းချုပ်တွင် ဆက်ကပ်ပါဝင်ရသည်ကို ဂုဏ်ယူပါ။ သို့သော် မဝါကြွားပါနှင့်။
၂) ဝန်ထမ်းအားလုံးသည် တာဝန်မတူသော်လည်း တန်ဖိုးအတူတူပင်ဖြစ်သည်။
၃) ခေတ္တခဏဆက်ကပ်အမှုတော်ဆောင်ရသည့်အချိန်တွင် အိမ်ရှင်ဧည့်သည်ကဲ့သို့ သဘောမထားဘဲ အချင်းချင်း ခင်မင်စွာ တန်းတူညီစွာ ဆက်ဆံပါ။
၄) အသင်းချုပ်ဝန်ထမ်းဖြစ်၍ အသင်းချုပ်ကို ကိုယ်စားပြုနေရာ မိမိ၏ နေထိုင်စားသောက်ဝတ်ဆင်ပြောဆိုခြင်းမှစ၍ အစစအရာရာ ဘယ်ဒေသရောက်ရောက် ဂရုတစိုက် သတိပြုပါ။
၅) ဘာသာရေးအဖွဲ့အစည်းဖြစ်၍ အထူးသဖြင့် နှစ်ခြင်းခရစ်ယာန်ဖြစ်ရာ နှစ်ခြင်း၏ယုံကြည်ချက် ကျင့်သုံးမှုများကို လိုက်နာ စောင့် ထိန်းပါ။ ဝိညာဉ်ရေးရာ ကြီးရင့်တိုးတက်ပါစေ။
၆) ကိုယ်ပိုင်အလုပ် မဟုတ်ဘဲ ဘုရားသခင်၏ သာသနာဖြစ်သောကြောင့် မိသားစု စိတ်ဓာတ်ဖြင့် အလုပ်လုပ်ပါ။
၇) ၂၀၁၉ ခုနှစ် နှစ်ကုန်၍ ပြန်လည်သုံးသပ်သည့်အခါ မိမိ ရေးထားသော သမိုင်းကြောင်း လှပစေရန် နှစ်စပိုင်းကစ၍ အကောင်းဆုံးဆက်ကပ်ပါ။
ဆက်လက်၍ တွဲဖက်အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ရောဘတ်ပွန်းက ဝန်ထမ်းရေးရာ စည်းမျဉ်း စည်းကမ်းပိုင်းကို ပြောကြားပါသည်။ ရုံးတက်ရက်၊ ရုံးတက်ရုံးဆင်းချိန် နှင့် အလုပ်ချိန် မှန်ကန်စေရန်၊ ဝတ်ပြုခြင်းများတွင် ပါဝင်စေရန်၊ ခွင့်ကိစ္စများနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်၊ လာရောက်သော ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုရန်၊ အပြောအဆို အနေအထိုင် အစားအသောက် အဝတ်အစား စည်းကမ်းရှိရန်၊ ဝန်ထမ်းများ စွမ်းရည် မြှင့်တင်ရန်၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများ စည်းကမ်းအတိုင်း နေထိုင်ရန်၊ တစ်ဦးနှင့် တစ်ဦး လေးစားမှုနှင့် တိုင်ပင်ညှိနှိုင်း လုပ်ဆောင်ကြပါရန် တိုက်တွန်းပါသည်။
ဘဏ္ဍာထိန်းအနေဖြင့်
၁) ရင်းနှီးစွာဖြင့် အပြန်အလှန်လေးစားလျက် အလုပ်တာဝန်များကို အတူတကွ ကောင်းစွာ လုပ်ဆောင်ကြရန်ဖြစ်ကြောင်း
၂) လိုအပ်ချက်များသည့်အတိုင်း တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန် လုပ်ဆောင်နေကြောင်း
၃) ဝန်ထမ်းအိမ်ရာများကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆောက်လုပ်ရန် ရှိကြောင်း
၄) ဝန်ထမ်းအိမ်ရာကော်မတီကိုလည်း အလုပ်အမှုဆောင်အဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊
၅) စုစည်းဘတ်ဂျက်ဖြင့် လုပ်ဆောင်လျက်ရှိရာ အသင်းချုပ်ပိုင် အဆောက်အအုံများအတွက်လည်း ဆုတောင်းပေးရန်ဖြစ်ကြောင်း
ရှိသည့်နေရာတွင် တာဝန်ကျေစွာ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ထို့နောက် ဝန်ထမ်းများ သိလိုသည်များကို မေးမြန်း ဆွေးနွေး ပြန်လည်ဖြေကြားပြီးနောက် သိက္ခာတော်ရဆရာ အိုက်နပ်တောင်း ကောင်းကြီးပေးခြင်းအားဖြင့် ဝန်ထမ်းများတွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ပါသည်။

   

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်