COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အတွက်
မတ် 31, 2020
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့
ဇွန် 8, 2020

COVID 19 ကပ်ကာလအတွင်း နှစ်ခြင်းအသင်းချုပ် ဝန်ထမ်းများတို့သည် အစိုးရ၏ လမ်းညွှန်ချက်အရ မိမိအိမ်မှ သက်ဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပြီး၊ အသင်းချုပ်ဝင်းအတွင်း နေထိုင်ကြသော ဦးဆောင်သူများနှင့် ဌာနတာဝန်ခံများမှာ မိမိတို့၏ လုပ်ငန်းများကို အိမ်မှလည်းကောင်း၊ ရုံးတွင်လည်းကောင်း ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ အသင်းချုပ်အနေဖြင့် အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက် လုပ်ဆောင်ရန်များနှင့် အသင်းချုပ်ဝင်း ကပ်ရောဂါ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စ အပါအဝင် အခြား အကြောင်းအရာများကိုလည်း တာဝန်ရှိသူများ အချင်းချင်း အဆက်အသွယ် မပြတ်စေဘဲ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်နေပါသည်။ အသင်းချုပ် ဥက္ကဌများကလည်း အခါအားလျော်စွာ လာရောက် အားပေးတိုက်တွန်း လမ်းညွှန်မှုပြုလျက် ရှိပါသည်။

COVID 19 ကာလတွင် အသင်းချုပ် ဝန်ထမ်းများအတွက် ပထမအကြိမ်အဖြစ် ဆန်နှင့်ဆီကို အသင်းချုပ်မှ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် BWA၊ ABC နှင့် Dr. Rebecca တို့မှ ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်၊ အာလူးတို့ကို ထောက်ပံ့ပေးခဲ့ပါသည်။

ညစဉ် (၈း၀၀)နာရီအချိန်တွင် ယုံကြည်သူမိသားစုများတို့သည် ကပ်ရောဂါဘေးအတွက် မိမိနေအိမ်တွင် ဆုတောင်းကြရန်လည်း နှစ်ခြင်းအသင်းချုပ်က တိုက်တွန်းထားပါသည်။

ယုံကြည်သူများ ကပ်ကာလအတွင်း ခွန်အားယူနိုင်ရန်အတွက် နှစ်ခြင်းအသင်းချုပ် ဦးဆောင်သူများနှင့် အနားယူ ဦးဆောင်သူများက ခွန်အားပေး တိုက်တွန်းခြင်းများကို စနေနေ့ နံနက်တိုင်းတွင်လည်းကောင်း၊ ရှင်ပြန် ထမြောက်ရာ အီစတာနေ့၊ မိခင်များနေ့စသည့် အထူးနေ့ အစီအစဉ်များကို လည်းကောင်း ခရစ်ယာန် ဆက်သွယ်ရေး ဌာနမှ စီစဉ် ထုတ်လွှင့်ပေးလျက် ရှိပါသည်။ ခရစ်ယာန် ဓမ္မပညာဌာန ကလည်း ကလေးများအတွက် သင်ခန်းစာများကို ထုတ်လွှင့်ပေးနေပါသည်။ လူငယ်ဌာန facebook page မှလည်း လူငယ်များအတွက် ခွန်အားပေးလျက် ရှိပါသည်။ အခြားဌာနများ အနေနှင့်လည်း သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်သွယ် လုပ်ဆောင်နေပါသည်။
အသင်းချုပ်ဝင်း အနေဖြင့် ကပ်ရောဂါဘေး ကာကွယ်ရေးအတွက် ဝင်းနေမိသားစုများအား ဈေးဝယ်ခြင်းကို တစ်ပတ်လျှင် တနင်္လာနေ့နှင့် ကြာသပတေးနေ့ နှစ်ရက်သာ သွားရန်၊ လူစုဝေးခြင်းမပြုရန်နှင့် ဂိတ်ပေါက် တစ်ပေါက်သာ ဖွင့်ထားပြီး၊ လူဝင်/ထွက် စိစစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်