နှစ်ခြင်းအသင်းချုပ် အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး (၂၀၂၀-၂၀၂၁)
ဇန်နဝါရီ 10, 2022
နှစ်ခြင်းအသင်းချုပ် (၁၂၄)ကြိမ်‌မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခဲ့သော နှစ်ခြင်းအသင်းချုပ် ဦးဆောင်သူများ
မတ် 24, 2022

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ (၁၂၄)ကြိမ်‌မြောက် သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၇-၁၈)ရက်နေ့များတွင် နံနက်(၈း၀၀)နာရီမှ ညနေ (၅း၀၀)နာရီ အထိ Zoom Application ဖြင့် ကျင်းပပါသည်။ တက်ရောက်လာသူ စုစုပေါင်း (၆၀၀)ဦးခန့် ရှိပြီး၊ အသင်းချုပ် ဥက္ကဌများဖြစ်ကြသော Rev. Dr. မောင်မောင်ရင်၊ Dr. အူဗျစ်ဂျာဘူ၊ Rev. ဒဲန်းနစ်ငွန်ထောင်းမန် ၊ အသင်းချုပ် ဦးဆောင်သူများဖြစ်သော အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း နှင့် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန် တို့က ဦးဆောင်ပါသည်။

အစည်းအဝေး ပထမနေ့ကို ကျင်းပရာသဘာပတိအဖြစ် ဥက္ကဌကြီး Rev. Dr. မောင်မောင်ရင် ဦးဆောင်လျက် အဖွင့်ဆု‌တောင်းပြီးနောက် မှတ်တမ်းရေးမှူးအဖြစ် Rev. Dr. စောစိုင်းရပ်စ်စိန်နှင့် Rev. မန်းအောင်ဇော်မိုးတို့ကို ရွေးချယ်ခန့်ထားပါသည်။ ထို့နောက် တက်ရောက် လာသူများကို အဖွဲ့ချုပ်အလိုက် ကိုယ်စားလှယ်ဦးရေ စစ်ဆေးပြီးနောက် အစည်းအဝေးကျင်းပရန် ကိုယ်တာပြည့်မီသောကြောင့် အစည်းအဝေးကို စတင်ခဲ့ရာ ဥက္ကဌကြီးက အမှာစကားနှင့်တကွ တိုက်တွန်းခွန်အားပေးဝေငှခဲ့ပါသည်။ ဆက်လက်၍ အစီအစဥ်အရ လွန်ခဲ့သော ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၉-၁၄)ရက်နေ့တွင် ကျိုင်းတုံမြို့ နောင်ဖာရပ်၊ နှစ်ခြင်း သာသနာဝင်း၊ နောင်ဖာ လားဟူ နှစ်ခြင်းအသင်းတော်၌ လားဟူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၁၂၃)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး မှတ်တမ်းကို ဖတ်ကြားခြင်း၊  လက်ခံ အတည်ပြုခြင်း၊ မှတ်တမ်းမှ ပေါ်ပေါက်သော ကိစ္စများကို ဆွေး‌နွေး အကြံပြုကြခြင်း၊ အထွေထွေ အတွင်းရေးမှူး၏ နှစ်ချုပ် အစီရင်ခံစာ တင်ပြခြင်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးက ဌာနများ၏ စုစည်း အစီရင်ခံစာများ တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  ညနေပိုင်းတွင် ကရင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် ကိုယ်စားလှယ် Rev. စောသောင်းရွှေ ဆုတောင်း ခြင်းဖြင့် ပြန်လည် စတင်ခဲ့ပြီး ဒုတိယ ဥက္ကဌ  Rev. ဒဲန်းနစ်ငွန်ထောင်းမန်က သဘာပတိအဖြစ် တာဝန်ယူကာ ဆရာမ နန်းသူဇာမွန်က အသင်းချုပ်နှင့် ဌာနများ၏ ဘဏ္ဍာရေး ဆိုင်ရာ အစီရင်ခံစာ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေး ဒုတိယ နေ့ရက်တွင် ဆရာမကြီး Dr. အူဗျစ်ဂျာဘူက နံနက်ပိုင်းတွင် သဘာပတိအဖြစ် ဦးဆောင်လျက် Rev. Dr. စောထီးပိုးနီ ဆုတောင်းခြင်းဖြင့် အစပြုခဲ့ပါသည်။ သဘာတိက ရှေးဦးစွာ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါသည်။ ထို့နောက် အဖွဲ့ချုပ် (၁၈)ပါး နှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော် (၂)ပါး၏ အစီရင်ခံစာများကို တင်ပြခြင်း၊ အုပ်ချုပ် စီမံ‌ရေး အဖွဲ့အစည်းအဝေးမှ ထောက်ခံတင်ပြချက်များဖြစ်သည့် အသင်းဝင် နယ်အသစ် လက်ခံ အတည်ပြုခြင်း၊ အသင်းချုပ်၏ သဘောထား ရပ်တည်ချက် တင်ပြခြင်း နှင့် အထူးအောက်မေ့သတိရ ဆုတောင်းခြင်း(၂၀၁၈- ၂၀၂၂ ခုနှစ်၊ လေးနှစ်တာအတွင်း ဘုန်းတော် ဝင်စားခဲ့သော အမှုတော်ဆောင်များ၊ ကိုဗစ် ကပ်ရောဂါကြောင့် ခေါ်တော်မူခြင်း ခံရသူများ၊ စစ်မက်ရေးရာကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူပြည်သားများ၊ ခေါ်တော်မူခြင်းခံရသူများ အတွက်)၊ အသင်းချုပ်မှ အနားယူသည့် ဌာနလက်ထောက်တာဝန်ခံ(၂)ဦး ဖြစ်သော ခရစ်ယာန်ဓမ္မပညာဌာနမှ ဆရာမ မိုင်သင်းလှိုင်နှင့် CSSDD မှ ဆရာ စောဟယ်ရီတန်နှောင်းတို့အား ဂုဏ်ပြုခြင်း အစီအစဥ် တို့ကို ပြုလုပ်ခဲ့ကြပါသည်။

ညနေပိုင်းတွင် သဘာပတိအဖြစ် ဥက္ကဌကြီး Rev. Dr. မောင်မောင်ရင် ဦးဆောင်ကာ  (၂၀၂၂-၂၀၂၄)ခုနှစ် သက်တမ်းအတွက် ZOOM POLLS ဖြင့် မဲပေးရွေးချယ်လျက် အသင်းချုပ် အချိန်ပြည့် အရာရှိများ ရွေးချယ် ခန့်ထားခြင်း၊ ဥက္ကဌများ ရွေးချယ် တင်မြှောက်ခြင်း၊ ဥက္ကဌများ တာဝန်လွှဲပြောင်းခြင်း၊ ဆက်လက် ဆက်ကပ်မည့် အမှုတော် ဆောင်များ အားလုံးအတွက် Rev. Dr. ခြဲန်နော်မှ ဆက်ကပ် ဆု‌တောင်းပေးခြင်း၊ အနားယူ ဥက္ကဌ နှင့် ဥက္ကဌအသစ်တို့က မိန့်ခွန်း ပြောကြားခြင်း၊ အထွေထွေ အတွင်းရေးမှူး အသစ် အမှာစကား ပြောကြားခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ခဲ့ကြပါသည်။

အခက်အခဲများစွာ ရှိ‌သော်လည်း ကြိုးစား၍ တတ်နိုင်သမျှ ပါဝင်ကြသော လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များ၊ တိုက်ရိုက်ဆက်သွယ်သော အသင်းတော်(၂)ပါး၊ ကိုယ်စားပြု အဖွဲ့အစည်းများမှ ဆရာ၊ ဆရာမများ၊ ဌာနသဘာပတိနှင့် တာဝန်ခံများအားလုံးတို့နှင့်အတူ On line တွင် အဆင်ပြေအောင် ဝိုင်းဝန်း ကူညီပံ့ပိုးကြသော အသင်းချုပ် ဝန်ထမ်းများနှင့်တကွ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇-၁၈)ရက်၊ နှစ်ခြင်းအသင်းချုပ်၏ (၁၂၄)ကြိမ်‌မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခဲ့သော ဦးဆောင်သူ များမှာ

ဥက္ကဌ                                            Rev. Dr. စောဆမ်ဆန်

ဒုဥက္ကဌ                                           Rev. စောစမ်စန်၊ Rev. Dr. အေးနွယ်

အထွေထွေအတွင်းရေးမှူး             Rev. Dr.  ထန်ကျင့်လျန်း

တွဲဖက်အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း

ဘဏ္ဍာထိန်း                                  ဆရာမနန်းသူဇာမွန် တို့ဖြစ်ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်