နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ (၁၈၄)ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေး
နိုဝင်ဘာ 11, 2022
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး (၂၀၂၂ ခုနှစ်)
ဖေ‌ဖော်ဝါရီ 7, 2023

ဆဌမအကြိမ်‌မြောက် ဓမ္မအမှုတော်ဆောင်များ နှီးနှောဖလှယ်ပွဲကို ၂၀၂၂ ခုနှစ် နို၀င်ဘာလ (၂၃-၂၅)ရက်များတွင် နှစ်ခြင်းအသင်းချုပ် ဓမ္မအမှုတော်ဆောင်များဌာနမှ ဦးဆောင်၍ Zoom Application ဖြင့် online မှ ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်များနှင့် ဖိတ်ကြားထားသူ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါ၀င်တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲ၀တ်ပြုခြင်းအစီအစဥ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်(၉း၀၀)နာရီတွင် စတင်ခဲ့ပြီး၊ သဘာပတိအဖြစ် အသင်းချုပ် ဌာနတာ၀န်ခံ Rev. Dr. စောအယ်သောက ဆောင်ရွက်ပြီး ဦးဆောင်သူများနှင့် မိတ်ဆက် ပေးပါသည်။ ကြိုဆိုနှုတ်ခွန်းဆက်စကားကို အသင်းချုပ် အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊  သော့ချက်မိန့်ခွန်းနှင့် အမှာစကားကို အသင်းချုပ်ဌာနသဘာတိ Rev. မိုက်ဇုံကျဲအို၊ ဖွင့်ပွဲဒေသနာကို အသင်းချုပ် ဒုဥက္ကဌ Rev. စောစမ်စန်၊ အထူးဆုတောင်းခြင်းကို အသင်းချုပ် ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်၊ ကောင်းကြီးပေးခြင်းကို အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း တို့က ဦးဆောင်ခဲ့ပါသည်။

ဆက်လက်၍ စာတမ်းတင်ပြခြင်းကို Rev. Dr. အော်နယ်ညိုမှလည်းကောင်း၊ တုံ့ပြန်ခြင်းကို Rev. Dr. နာသန်ပန်းမှလည်းကောင်းဆောင်ရွက်ကြပြီး၊ အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆွေးနွေးကြကာ (၂)ဖွဲ့က ပြန်လည်တင်ပြပါသည်။

ဒုတိယနေ့အဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်၊ ကြာသပတေးနေ့ နံနက်(၉း၀၀)နာရီတွင် အစပြုခဲ့ပြီး၊ သမ္မာကျမ်းစာသင်ကြားခြင်းကို Rev. Dr. ဒေါ်ခင်ဆွေဦးက “ ဓမ္မအမှုတော်ဆောင်များနှင့် အသီးသီးသော အမှုတော်မြတ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အထူးဆုတောင်းခြင်းနှင့် သဘာပတိအဖြစ် Rev. မန်းကျော်ဆန်းလင်း ကလည်းကောင်း၊ ကောင်းကြီးပေးခြင်းကို Rev. ဂျာနောဂျူနီယာကလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စာတမ်းတင်ပြခြင်းကို  “ ယနေ့အသင်းတော်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ အတွင်း ခေါင်းဆောင်မှု” ခေါင်းစဥ်ဖြင့် Rev. မန်းစန်းမောင်ကလည်းကောင်း၊ တုံ့ပြန်ခြင်းကို Rev. Dr. စောအယ်သောကလည်းကောင်း ဦးဆောင်ခဲ့ပါသည်။ အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြပြီး ပြန်လည်တင်ပြခြင်းများကို စုစည်းထားပါသည်။ Rev. မရန်ခွန်ဆန် ဆုတောင်းဆက်ကပ်ခြင်းဖြင့် အစီအစဥ်ကို မွန်းတည့်(၁၂း၀၀)နာရီတွင် ရပ်နားကြပါသည်။

(၂၅.၁၁.၂၀၂၂) သောကြာနေ့ တတိယနေ့အစီအစဥ်ကို သဘာပတိအဖြစ် အသင်းချုပ် တွဲဖက်ဌာန တာ၀န်ခံ  ဆရာဗဲန်‌ဒေါ့လျန်းကလည်းကောင်း၊ သမ္မာကျမ်းစာသင်ကြားခြင်းကို Rev. Dr. အေးနွယ်က “ ဓမ္မအမှုတော် ဆောင်များနှင့် အသီးသီးသော အမှုတော်မြတ်” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Rev. မန်းဂျူးဗလီက ကောင်းကြီးပေးခြင်း ဖြင့် နံနက်ပိုင်းအစီစဥ်ကို စတင်ကာ Rev. Dr.  ခင်ကြူကြူမှ “ ဓမ္မအမှုတော်ဆောင်များသည် မိမိကိုယ်တိုင် ဂရုပြု စောင့်ရှောက်ခြင်းနှင့်အတူ စွမ်းရည်မြင့်မားပြီး ပိုမိုထိရောက်စွာ အစေခံနိုင်ရန်” ခေါင်းစဥ်ဖြင့် စာတမ်းကိုတင်ပြခဲ့ပါသည်။ Rev. Dr. စောစိုင်းရပ်စ်စိန်က စာတမ်းကို ပြန်လည်တုံ့ပြန်ပြီး အဖွဲ့ခွဲကာ  ဆွေးနွေးကြလျက် သုံးရက်တာ ပြန်လည် တင်ပြချက်များကို နှီးနှောဖလှယ်ပွဲရလဒ်အဖြစ် အောက်ပါအတိုင်း ကြေငြာနိုင်ခဲ့ပါသည်။

ဆဌမအကြိမ်‌မြောက် ဓမ္မအမှုတော်ဆောင်များ နှီးနှောဖလှယ်ပွဲမှထွက်ပေါ်လာသော ရလဒ်များ
ခမည်းတော်၊ သား‌တော်၊ သန့်ရှင်းသော ဝိညာဥ်တော် သုံးပါးတစ်ဆူဖြစ်တော်မူသော ထာဝရဘုရားသခင်၏ ဦးဆောင်လမ်းပြမှုဖြင့် အောက်ပါ နှီးနှောဖလှယ်ပွဲရလဒ်များကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားရန် ဆက်ကပ်ကြပါသည်။
၁။ နှစ်ခြင်းဓမ္မအမှုတော်ဆောင်များသည် နှစ်ခြင်းတို့၏ ယုံကြည်ချက်နှင့် ကျင့်သုံးမှုကို အသင်းသူ/ အသင်းသားများ ရှင်းလင်းစွာ သိရှိ၊ နားလည်၊ ကျင့်သုံးနိုင်ရန်အတွက် အသင်းတော်ကျောင်း၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး စသည့် အသင်းတော်၏ ကဏ္ဍအသီးသီးတွင် လေးလေးနက်နက် သင်ကြားပေးရန်နှင့် အသင်းတော်၊ နယ်၊ အဖွဲ့ချုပ်၊ အသင်းချုပ်တို့၏ သင်တန်းများတွင်လည်း မဖြစ်မနေ ထည့်သွင်း သင်ကြားရန်။
၂။ လွဲမှားသောဆရာ/မများနှင့် ၎င်းတို့၏ သွန်သင်ချက်များကို အသင်းတော်များသို့ ပြတ်ပြတ် သားသား အသိပေး ဖော်ပြပေးရန်နှင့် နှစ်ခြင်းအသင်းချုပ် မီဒီယာအမျိုးမျိုးမှတစ်ဆင့် အချိန်နှင့်တပြေးညီ အသိ‌ပေးထုတ်ပြန်ရန်။
၃။ နှစ်ခြင်းအသင်းတော်တိုင်းတွင် ဓမ္မအမှုတော်ဆောင်များသည် သမ္မာကျမ်းစာကို အသင်းသူ/ အသင်းသားများ စိတ်ဝင်စားမှုရှိစေရန်အတွက် သေချာစွာအနက်ဖွင့်လျက် ထိရောက်သောသင်ကြားမှုနည်းစနစ်များ ဖြင့် ပြင်းပြင်းထန်ထန် လေ့လာ၊ပြင်ဆင်၊သင်ကြားရန်။
၄။ ဓမ္မအမှုတော်ဆောင်များသည် မျက်မှောက်ခေတ် တွေ့ကြုံနေရသော စိန်ခေါ်မှုများကို စိတ်ပျက် အားလျော့ခြင်းမရှိဘဲ သန့်ရှင်းသော၀ိညာဥ်တော်၏ ဦးဆောင်လမ်းပြမှုကိုခံယူကာ အသင်းသူ/ အသင်းသားများနှင့်အတကွ လက်တွဲလျက် စိတ်ဒဏ်ရာကို ကုစားခြင်း၊ ဝိညာဥ်ရေးရာမြှင့်တင် ပေးခြင်း၊ ဥဿုံသာသနာပြုခြင်းအားဖြင့် လူမှုဝန်းကျင်ကိုအစေခံသောအသင်းတော်များဖြစ်လာစေရေးအတွက် ဆက်လက် ဦးဆောင်မှုပြုရန်။
၅။ ဓမ္မအမှုတော်ဆောင်များသည် ခန္ဓာ၊စိတ်၊ဝိညာဥ် ကျန်းမာသန်စွမ်းလျက် အမှုတော်မြတ်၌ သက်ဆုံးတိုင် ဆက်ကပ်အစေခံနိုင်ရန်အတွက် မိမိကိုယ်ကို ဂရုပြုခြင်းနှင့် ပတ်သက်ပြီး၊ အားကစား ပုံမှန်ပြုလုပ်ခြင်း၊ မိသားစုနှင့်အတူ အချိန်ယူခြင်း၊ ဘုရားနှင့် အချိန်ယူခြင်း၊ အမှုတော် လုပ်ငန်းနှင့် မိမိကိုယ်ပိုင်ဘဝကို ဟန်ချက် ညီညာစွာ ထိန်းညှိလုပ်ဆောင်ခြင်း၊ မိမိကိုယ်ကို လေးစား တန်ဖိုးထားလျက်၊ ချီးမြှင့်ခြင်း၊ ၀ိညာဥ်ရေးရာစာပေသာမက စာအုပ်စာပေအမျိုးမျိုးကို ဖတ်ရှုလေ့လာခြင်း စသည်တို့ကို လက်တွေ့ကျင့်သုံးရုံသာမက အသင်းသူ/အသင်းသားများကို လည်း ပြန်လည်‌ဝေမျှရန်။

၎င်းနောက် ပိတ်ပွဲအစီအစဥ်နှင့် ဆက်ကပ်အပ်နှံခြင်းအစီအစဥ်ကို ဆက်လက်ပြုလုပ်ခဲ့ရာ  သဘာပတိအဖြစ် ဆရာဗဲန်ဒေါ့လျန်က ဆက်လက်ဆောင်ရွက်ခဲ့ပြီး၊ အထူးဆက်ကပ်ဆုတောင်းခြင်းကို Rev. စောယော်လားမှလည်း ကောင်း၊ ဒေသနာကို Rev. Dr.  ထန်ကျင့်လျန်းမှလည်းကောင်း၊ ကျေးဇူးတင်စကားပြောကြားခြင်းကို Rev. Dr.  စောအယ်သောမှလည်းကောင်း၊ နှီးနှောဖလှယ်ပွဲရလဒ်ကြေငြာခြင်းကို ဆရာဝင်းထွဋ်သာကြည်ကတင်ပြလျက် Rev. Dr. စောအယ်သောကောင်းကြီးပေးခြင်းဖြင့် နှီးနှောဖလှယ်ပွဲကြီးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။

   

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်