Sustainable Agriculture Training center (SATC) သင်တန်းခန်းမ
ဇွန် 11, 2024
ယုဒသန်နေ့အကြို စုပေါင်းဝတ်ပြုခြင်း အစီအစဥ်
ဇူလိုင် 8, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ(၄-၇)ရက်များတွင် (၁၈၇)ကြိမ်‌မြောက် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် အမှုဆောင် အဖွဲ့ အစည်းအဝေးကို အသင်းချုပ်၏ကူရှင်ခန်းမ၌ ပြုလုပ်ခဲ့ရာ  နှစ်ခြင်းအသင်းချုပ် ဥက္ကဌများ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ ဘဏ္ဍာထိန်း၊ ဌာနသဘာပတိများ၊ တာ၀န်ခံများ၊ တိုးချဲ့ ကော်မတီ၀င်များနှင့်အတူ လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ အထွေအထွေအတွင်းရေးမှူး များနှင့် ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ပါ၀င် ခဲ့ကြပါသည်။

အမှုဆောင်အဖွဲ့အစည်းအဝေးကို ၀တ်ပြုကိုးကွယ်ခြင်းဖြင့် အစပြုရာ ပထမနေ့တွင် သဘာပတိအဖြစ် ခရစ်ယာန် ဓမ္မပညာဌာန တာ၀န်ခံ Rev. စောဟယ်ရီစင်၊ အထူးဆုတောင်းခြင်းကို ဓမ္မအမှုတော်ဆောင်များ ဌာန သဘာပတိ Rev. မိုက်ဇုံကျဲအို၊ တိုက်တွန်းခွန်အားပေးခြင်းကို လီဆူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Rev. ဦးပီတာနှင့် ကောင်းချီးပေးခြင်းကို ရှမ်းပြည်တောင်ပိုင်း တိုင်းရင်းသား နှစ်ခြင်းခရစ်ယာန် အနီးသာသနာ အဖွဲ့ချုပ် ဥက္ကဌ Rev. စောအေး၀ီး၊ ဒုတိယနေ့ ၀တ်ပြုကိုးကွယ်ခြင်းတွင် သဘာပတိအဖြစ် ခရစ်ယာန် လူမှု၀န်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန တာ၀န်ခံ Rev. Dr. မန်ခန့်ဆုမ်း ၊ အထူးဆုတောင်းခြင်းကို မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် ဥက္ကဌ Rev. ဦးလင်းစိန်၊ တိုက်တွန်းခွန်အားပေးခြင်းကို သီသြလော်ဂျီပညာဌာနသဘာပတိ Rev. Dr. စိုးသီဟနှင့် ကောင်း ချီးပေးခြင်းကို လားဟူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် Rev. Dr. လာဇရု၊ တတိယနေ့တွင် သဘာပတိအဖြစ် အမျိုးသမီးဌာန တာ၀န်ခံ ဆရာမနန့်ဘက်ဒီထူး၊ အထူးဆုတောင်းခြင်းကို လူငယ်ဌာန သဘာပတိ Rev. စော အောင်သူရ၊  တိုက်တွန်းခွန်အားပေးခြင်းကို Rev. စောယွာဒုမူး၊ ကောင်းချီးပေးခြင်းကို ဧသဌာန သဘာပတိ Rev. ကျင်ရှင်းပေါင်၊ စတုတ္ထ နောက်ဆုံးနေ့တွင် သဘာ ပတိအဖြစ် ခရစ်ယာန်ဆက်သွယ်ရေးဌာန တာ၀န်ခံ ဆရာမ မေနှင်းဆီ၊ အထူးဆုတောင်းခြင်းကို မွန်နှစ်ခြင်း အသင်းတော်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆရာမ မိတိုးတိုးအေး၊  တိုက်တွန်း ခွန်အားပေးခြင်းကို အမျိုးသမီးဌာန တာ၀န်ခံ ဆရာမနန့်ဘက်ဒီထူး၊ ကောင်းချီးပေးခြင်း အမျိုးသမီးဌာန သဘာပတိ Rev. Dr. ခင်ဆွေ ဦးတို့က ဦးဆောင်ခဲ့ကြပါသည်။

ပထမနေ့ အလုပ်အစည်းအဝေးကို အသင်းချုပ် ဒုဥက္ကဌ Rev. Dr.အေးနွယ်ဆုတောင်းခြင်းဖြင့် အစပြု ခဲ့ပြီး၊ သဘာပတိအဖြစ် ဥက္ကဌကြီး Rev. Dr. စောဆမ်ဆန်က ဆောင်ရွက်ခဲ့ပါသည်။ ရှေ့ဦးစွာ တက်ရောက်လာ ကြသော အမှုဆောင် အဖွဲ့ အမည်စာရင်းကို တွဲဖက်အထွေထွေအတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်းက အမည် ခေါ်၍ စိစစ်ပြီး အစည်းအ‌ဝေး အထမြောက်ကြောင်း ကြေငြာခဲ့ပါသည်။ ထို့နောက် မှတ်တမ်းရေးမှူးများအဖြစ် အမျိုးသားဌာန တာ၀န်ခံ Rev. ဘရန်ဆိုင်းနှင့် ခရစ်ယာန်ဆက်သွယ်ရေးဌာန တာ၀န်ခံ ဆရာမမေနှင်းဆီတို့ကို အားလုံး သဘောတူ ရွေးချယ်ခဲ့ပါသည်။

ဥက္ကဌကြီးက အမှာစကားပြောကြားရာတွင် “တက်ရောက်လာကြသော အမှုဆောင်အဖွဲ့ဝင် ကိုယ်စား လှယ်ကြီးများ တစ်ဦးစီကို လှိုက်လှဲဝမ်းမြောက်စွာကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်ပါတယ်။ ဒီအစည်းအဝေးကို သဘာပတိ အနေနဲ့ဦးဆောင်ဖို့ ကျွန်တော်တို့ ဥက္ကဌသုံးဦးကိုလည်း ဘုရားသခင်က အစေခံခွင့်ပြုတဲ့အတွက် ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းသလို လမ်းပြပို့ဆောင်တဲ့ဘုရားသခင်ကိုလည်း ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ မုန်တိုင်းကြီးကိုကြုံခဲ့ရတာ အားလုံးခံစားသိရှိပြီးဖြစ်ပါတယ်။ မုန်တိုင်းလို့ ပြောတဲ့အခါ ကျွန်တော်တို့ နေ့စဥ် ကြားနေရတဲ့သတင်းတွေရှိသလို၊ ဘေးပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေ ကြရတဲ့ အနေအထားဟာလည်း အင်မတန် ဆိုးရွားလှတဲ့အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော် တို့တွေဟာ အမှုတော်မြတ်မှာ တည်ကြည် ခိုင်ခံ့ခြင်းနဲ့ ယုံကြည်စွာဆက်ကပ်ခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းရခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းဖို့ ယုံကြည်သူတစ်ဦးစီမှာ တာ၀န်ရှိ သလို၊ အသင်းချုပ်ကို ဦးဆောင်ဦးရွက်ပြုနေကြတဲ့ ကျွန်တော်တို့ တစ်ယောက်စီတိုင်းမှာလည်း တာ၀န်ရှိပါတယ်။

ကျွန်တော်တို့ မုန်တိုင်းဒေသမှာ အသက်ရှင်နေရတဲ့အခါ ကြံ့ကြံ့ခံရပ်တည်ပြီးတော့မှ အနာဂတ်ကို ခရီး ဆက်ကြဖို့ ဒီနှစ်ဆောင်ပုဒ်ဖြစ်တဲ့ “တည်ကြည်ခိုင်ခံ့သောအသင်းတော်”ဆိုတဲ့ နှုတ်ကပတ်တော်ကို အသင်းတော် တွေမှာ ကျွန်တော့်အနေနဲ့ ‌ဝေငှတယ်။ အင်မတန်ကြီးမားတဲ့ မုန်တိုင်းထဲမှာ အသင်းတော်တွေရဲ့ ယုံကြည်ခြင်းခိုင်ခံ့ ခြင်းနဲ့ အမိနိုင်ငံတော်ကို အမြန်ဆုံးငြိမ်းချမ်းရန်နဲ့ ဘုရားပေးထားတဲ့ သာသနာ့တာ၀န်များကိုလည်း အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ဆောင်နေကြပါတယ်။

ရှင်ပေါလုရဲ့ခရီးတစ်ခုမှာ သူ့ရဲ့တွေ့ကြုံရတဲ့အရာများဟာ ကျွန်တော်တို့နဲ့တူနေပါတယ်။ ရှင်ပေါလုကို သင်္ဘောပေါ် မှာ ဖမ်းဆီးချုပ်နှောင်ပြီး အီတလီပြည်ကို ခေါ်သွားခြင်းခံရတယ်။ သင်္ဘောပေါ်မှာ တပ်မှူးပါတယ်။ တပ်သားတွေ ပါတယ်။ ကျွန်တွေပါတယ်။ မာလိန်မှူးပါတယ်။  တက်မကိုင်ပါတယ်။ ခရီးသွားကြတဲ့အခါ လေ မသင့်ဘူး။ လေမုန်တိုင်း အင်မတန်မှ ကြီးတယ်။ တစ်ချို့နေရာရောက်တော့ ရှင်ပေါလုက ခရီးမသွားသင့်ကြောင်း အကြံပေးတယ်။ လေးလံတဲ့ဝန်ထုပ်တွေကို ပင်လယ်ထဲချပစ်ဖို့၊ သင်္ဘောပေါ်မှာ ရှိတဲ့လူတွေ ထွက်မပြေးဖို့ အကြံပေးတယ်။  ဒါတင်မကဘူး။ ဒီကြားထဲမှာ ရှင်ပေါလုဟာ  အစာရှောင်တယ်၊ ဆုတောင်းတယ်။ သူ့မှာ သတင်း စကားရှိတယ်။ သင်္ဘောကြီးက ပျက်စီးသွားလိမ့်မယ်။ လူတွေက မယုံကြဘူး။ ဒါပေမယ့် ရှင်ပေါလုရဲ့လုပ်ဆောင် ချက်ကြောင့် သင်္ဘောပေါ်မှာ ပါတဲ့လူ(၂၇၆)ဦးဟာဆိုရင် အသက်ဘေးက လွတ်မြောက်ရတယ်။ သင်္ဘောက ပျက် စီးသွားတယ်။

ဒီကနေ့ ဘုရားသခင်ရဲ့အမှုတော်မြတ်သင်္ဘောထဲမှာပါဝင်ကြပြီး ဒီနိုင်ံငံမှာ အသက်ရှင်ရတဲ့သူများဟာ ရှင်ပေါလုရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ သင်္ဘော‌ပေါ်က လူတွေရဲ့အသက်တွေကို ကယ်နိုင်ခဲ့သလိုပဲ၊  သခင်ခရစ်တော် ပြောခဲ့သလို ငါသည် အထူးသဖြင့် အသက်နှင့်ပြည့်စုံခြင်းငှာ လာတယ်။ ကျွန်တော်တို့ ဒီအခန်းကဏ္ဍထဲမှာ ပါ၀င် လုပ်ဆောင်တဲ့အခါ အထူးသဖြင့် နှစ်ခြင်းအသင်းချုပ်ကြီးဟာ ဒီအခန်းထဲမှာထိုင်ပြီး အစည်းအဝေးတွေကိုပဲ လုပ် ဆောင်နေတာ မဟုတ်ပါဘူး။  ကဏ္ဍအသီးသီးမှာ ပါ၀င်လုပ်ဆောင်နေပါတယ်။ ဒေသအသီးသီးမှ လာကြသော သာသနာ့ခေါင်းဆောင်များလည်း မုန်တိုင်းဒဏ်ကို တွေ့ကြုံရပါတယ်။ ခံစားနေကြရပါတယ်။ ဒါပေမယ့် ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ အမှုတော်မြတ်မှာ ကျွန်တော်တို့အားလုံး ဆက်ကပ်ကြပါတယ်။ ပါဝင်နေကြပါတယ်။

မောရှေက ဣသရေလလူများကို ပြောခဲ့သလို မစိုးရိမ်နဲ့၊ ငြိမ်ဝပ်စွာနေကြလော့။ ယောရှုကလည်း သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ ရှင်ပေါလုကလည်း ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပါလို့ ဖော်ပြထား သလိုပဲ ကျွန်တော်တို့လည်း မုန်တိုင်းတွေ ရှိတယ်။ ပူပင်သောကတွေရှိတယ်။ ဒါပေမယ့် ငြိမ်သက်စွာ တည်ငြိမ်စွာ စိတ်အား ထက်သန်စွာနဲ့ အမှုတော်မြတ်မှာ ဦးဆောင်သောသူအနေဖြင့် ပါ၀င်ရင်းနဲ့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်ရဲ့ အမှုဆောင်အဖွဲ့အစည်းအဝေးကို ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံပေးခြင်းအားဖြင့် ရှေ့ဆက်ပြီး အတူတကွ ပါဝင်ကြပါစို့လို့ တိုက်တွန်းရင်း ကျွန်တော်ရဲ့အမှာစကားကို နိဂုံးချုပ်ပါတယ်“ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လွန်ခဲ့သော အစည်းအဝေးမှတ်တမ်းကို ဖတ်ကြားအတည်ပြုလက်ခံကြပြီး၊ မှတ်တမ်းမှ ပေါ်ပေါက်လာသောကိစ္စရပ်များကို အထွေထွေအတွင်းရေးမှူး Rev. Dr.  ထန်ကျင့်လျန်းနှင့် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်တို့က ရှင်းလင်းဖော်ပြခဲ့ပါသည်။

အစီရင်ခံစာများကို ပထမဦးဆုံး အထွေထွေအတွင်းရေးမှူးကလည်းကောင်း၊ စာရင်းစစ်အစီရင်ခံစာများ နှင့်တကွ ထောက်ခံတင်ပြချက်များကို ဘဏ္ဍာထိန်းကလည်းကောင်း၊ ဧ၀ံဂေလိနှင့်သာသနာပြုရေးဌာန၊ ဓမ္မအမှု တော်ဆောင်များဌာန၊ စာပေနှင့် ပုံနှိပ်ထုတ်‌ဝေရေးဌာန၊ သီသြလော်ဂျီပညာဌာန၊ အမျိုးသားဌာန၊ ခေါင်းဆောင် မြှင့်တင်ရေးအစီအစဥ်ဌာန၊ ခရစ်ယာန် ဓမ္မပညာဌာန၊ အမျိုးသမီးဌာန၊ ခရစ်ယာန်ဆက်သွယ်ရေးဌာန၊ ခရစ်ယာန် လူမှု၀န်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာန၊ လူငယ်ဌာနတို့မှ တာ၀န်ခံများကလည်းကောင်း၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ကျောင်းအုပ်ကြီး Dr. နော်အယ်တာဂေးကလည်းကောင်း၊ ယုဒသန်တက္ကသိုလ် ဖြစ်မြောက်ရေးကော်မတီ အတွင်း ရေးမှူး ဆရာမနော်လားဖောကလည်းကောင်း၊ အသင်းချုပ်ပြတိုက်မှူး ဆရာမန်းဂီးဒီယံကလည်းကောင်း၊ နှစ်ခြင်း အသင်းချုပ် အခြေခံစည်းမျဥ်းစည်းကမ်းပြင်ဆင်‌ရေးအဖွဲ့မှ Rev. ဦးတင်မောင်ရွှေကလည်းကောင်း၊ ၀န်ထမ်း ရေးရာအဖွဲ့၊ လျာထားရေးအဖွဲ့မှ Rev. Dr. ရောဘတ်ပွန်းကလည်းကောင်း အသီးသီး တင်ပြခဲ့ကြပြီး၊ သိလိုသည် များကို မေးမြန်းဆွေးနွေး အကြံပြုကြလျက် အားလုံးသဘောတူလက်ခံခဲ့ကြပါသည်။

ဤအစည်းအဝေး၏ ဆုံးဖြတ်ချက်များထဲမှ အဓိက အနေဖြင့် သီသြလော်ဂျီပညာဌာနကို အသင်းအဖွဲ့ အသွင်ပြောင်းရေးနှင့် ယုဒသန် တက္ကသိုလ်ကို အမြန်ဆုံးစတင်ဖွင့်လှစ်နိုင်ရေးတို့ကို အားပေးတိုက်တွန်းခဲ့ကြ ပါသည်။

အစည်းအဝေးတွင် ဒေသအသီးသီးမှ စစ်ဘေးဒဏ်ခံနေရသောသူများအတွက် အထူးသတိရဆုတောင်း ပေးခြင်း၊ ခေါ်တော်မူခြင်းခံရသော နှစ်ခြင်းအသင်းချုပ်၀န်ထမ်းတစ်ဦးဖြစ်သူ နန့်အက်စတာ မိသားစုအတွက် အမှု ဆောင်အဖွဲ့ ကိုယ်စားလှယ်တော်ကြီးများမှ မေတ္တာပြပေးလှူပြီး၊ ပိုးကရင်အဖွဲ့ချုပ် ဥက္ကဌ Rev. မန်းသာဆိန်မှ အထူး ဆုတောင်းပေးခြင်း၊ မိုးကုတ် မြို့မ လီဆူ နှစ်ခြင်းအသင်းတော်၏ သင်းထောက်ကြီး ဦးကျော်သိန်း၏ဇနီး ဒေါ်ခင်တင့်မှ ကျန်းမာရေးအတွက် လာရောက်၍ ဆုတောင်းကောင်းချီးခံယူပြီး၊ မိသားစုမှ အစည်းအဝေး တက် ရောက်သူများကို နေ့လည်စာ တစ်နပ် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

နောက်တစ်ကြိမ် (၁၈၈)ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်းအဝေးကို နို၀င်ဘာလ(၅-၈)ရက်များတွင် Zoom ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး၊ အုပ်ချုပ်စီမံ‌ရေးအဖွဲ့အစည်းအဝေး(၂၀၂၄ ခုနှစ်)နှင့် (၁၂၅)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇန်န၀ါရီလတွင် အိမ်ရှင်အဖြစ် ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ လက်ခံ၍ အလုံ Franc Hall တွင် လူဦးရေ(၆၀၀)ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အမိမြန်မာနိုင်ငံတော်ကြီးအမြန်ဆုံးငြိမ်းချမ်းစေရန် ဆုတောင်းမေတ္တာပို့သပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်