မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ခေါင်းဆောင်မြှင့်တင်ရေး အစီအစဥ်ဌာနမှ ဦးဆောင်၍ အသင်းချုပ် ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည် မြှင့်တင် ခြင်းနှင့် အားသစ်လောင်း အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀-၁၁) ရက် များတွင် ပြုလုပ်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက် တနင်္လာနေ့တွင် အစီအစဉ်ကို နှစ်ခြင်းအသင်းချုပ်၏ ကူရှင်ခန်းမ၌ နံနက် (၉:၀၀) နာရီ မှ ညနေ (၄:၃၀) နာရီအထိ ပြုလုပ်ရာ၊ နံနက်ပိုင်းတွင် အသင်းချုပ် ဝန်ထမ်းများ သိသင့်သိထိုက်သော အကြောင်းအရာများ ဖော်ပြခြင်းကို နှစ်ခြင်းအသင်းချုပ် အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်းနှင့် ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်တို့က ရှင်းလင်း ပြောကြားလျက် ခွန်အားပေးခဲ့ပါသည်။ နေ့လည်စာ အတူတကွ စားသောက်ခြင်းဖြင့် ခေတ္တ အနားယူကြပါသည်။
အစီအစဥ်ကို မွန်းလွဲ (၁း၀၀)နာရီတွင် ဆရာ စောဂျဒ်စန်ညိုမှ သီချင်း သင်ကြားခြင်းဖြင့် အစပြုခဲ့ပြီး၊ သင်ခန်းစာ သင်ကြားခြင်းကို Rev. Dr. စောအယ်သော နှင့် Rev. အိုက်နပ်တောင်းတို့က ပို့ချခဲ့ကြပါသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက် အင်္ဂါနေ့တွင် ဝန်ထမ်းများ အားသစ်လောင်း အစီအစဉ်ကို မှော်ဘီရှိ My Dream Garden အပန်းဖြေစခန်းတွင် ပြုလုပ်ရန် စီစဥ်ထားခဲ့ရာ၊ နှစ်ခြင်း အသင်းချုပ်ဝင်း၌ ပြင်ဆင်ထားသော နံနက်စာ နို့စိမ်း ခေါက်ဆွဲနှင့် ကော်ဖီ သုံးဆောင်ကြပြီး၊ နံနက်(၇း၀၀) နာရီတွင် စတင်၍ ငှားရမ်းထားသော ကားနှစ်စီးဖြင့် ထွက်ခွာခဲ့ကြပါသည်။ နံနက် (၈း၃၀)နာရီခန့်တွင် ရောက်ရှိကြပြီး၊ ကျေးဇူးတော် ချီးမွ၎်း ၀တ်ပြုခြင်းဖြင့် အစပြုခဲ့ပါသည်။ သဘာပတိအဖြစ် ဌာန တွဲဖက်တာ၀န်ခံ ဆရာမ ရုထ၊ တိုက်တွန်း ခွန်အားပေးခြင်းကို ဌာန တာ၀န်ခံ Rev. အိုက်နပ်တောင်း၊ အထူး ဆက်ကပ် ဆုတောင်းခြင်းကို အသင်းချုပ် ပြတိုက်မှူး ဆရာ မန်းဂီးဒီယံတို့က ဦးဆောင်ခဲ့ပြီး၊ ဝန်ထမ်းများက ရင်တွင်းစကားများ၊ ကျေးဇူးတင် စကားများ ပြောကြားကာ အချင်းချင်း ပိုမို ရင်းနှီးမှု ရယူနိုင် ခဲ့ကြပါသည်။ ချီးမွမ်းသီချင်းများ သီဆိုကြပြီးနောက် စုပေါင်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ အဖွဲ့လိုက် နှင့် တစ်ဦးချင်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ အိပ်စက်ခြင်း တို့ဖြင့် အနားယူ အပန်းဖြေခဲ့ကြပါသည်။
နေ့လည် (၁၂း၀၀)နာရီတွင် အပန်းဖြေစခန်းမှ ပြင်ဆင်ပေးသော နေ့လည်စာကို ငါးဆုပ်ဟင်း၊ ကြက်သားဟင်း၊ သရက်ချဥ်သုပ်၊ ပဲကြာဇံ ဟင်းချို၊ ငါးပိထောင်း နှင့် တို့စရာတို့ဖြင့် မြိန်ယှက်စွာ အတူတကွ စားသောက်ခဲ့ကြပြီး၊ ခေတ္တ အနားယူ ကြပါသည်။
မွန်းလွဲ (၁း၀၀)နာရီတွင် ဆရာ စောဂျဒ်စန်ညိုက သီချင်း သင်ကြားခြင်းကို ဦးဆောင်၍ အစီအစဥ်ကို ပြန်လည် စတင်ခဲ့ပြီး၊ ဆရာမရုထ ဦးဆောင်၍ ဌာနမှ မဲဖောက်ပေးခြင်းဖြင့် ၀န်ထမ်းများကို လက်ဆောင်များ ဝေငှပေးခဲ့ရာ၊ ပျော်ရွှင်စွာဖြင့် ရယူ ခဲ့ကြ ပါသည်။ Counseling with games အစီအစဥ်ကို MIT – Care & Counseling Center မှ Saya Htoi Aung Naw က ဦးဆောင်ခဲ့ပါသည်။ စိတ်များကို လျှော့ချရန်၊ အပန်းပြေစေရန်နှင့် ပြင်ဆင်ရန် အထောက်အကူပြုသော စိတ်ဝင်စားဖွယ် ကစားနည်းများဖြင့် ဝန်ထမ်းများအတွက် အကျိုးရှိလှပါသည်။ ထို့နောက် ဆက်ကပ်ဝတ်ပြုခြင်း အစီအစဥ်ကို ပြုလုပ်ခဲ့ရာ ဆရာမ မေနှင်းဆီ ဝေငှ ခွန်အား ပေးခဲ့ပြီးနောက်၊ တွဲဖက် ဘဏ္ဍာထိန်း ဆရာစောစိုင်းလတ်မဟူရာဝါးက အနာဂတ်အသက်တာအတွက် ဆက်ကပ် ဆုတောင်းခြင်းဖြင့် အစီအစဥ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။ ထို့နောက် ဘူးသီးကြော်နှင့် လက်ဖက်သုတ်များကို အဆာပြေ စားသုံးကြပြီး၊ မွန်းလွဲ (၃:၀၀) နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြပါသည်။
ဦးဆောင်သူများ အပါအဝင် အတူတကွ ပါဝင်သူ (၅၀) ဦး ဖြစ်ပါသည်။