မဟာရန်ကုန်နှစ်ခြင်းအသင်းတော်များ စုပေါင်း၍ ယုဒသန်နေ့အကြို ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်ကို “ ဘုရားသခင်၏ အလိုတော်ကို ပြီးပြည့်စုံစေသော အသင်းတော်” အဓိကအချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်၊ စနေနေ့ နံနက် (၉း၃၀) နာရီမှ မွန်းတည့် (၁၂း၀၀)နာရီအထိ နှစ်ခြင်းအသင်းချုပ် အောက်မေ့ဖွယ် ခန်းမ၌ ပြုလုပ်ခဲ့ရာ (၂၇၀)ဦးခန့် တက်ရောက် ပါဝင်ခဲ့ပါသည်။ ကချင်နှစ်ခြင်း အသင်းတော်၊ ချင်းနှစ်ခြင်း အသင်းတော်၊ ဘရေတန် ပိုးကရင် နှစ်ခြင်း အသင်းတော် နှင့် ခရစ်တော်၏ အသင်းတော်တို့မှ သံစုံသီချင်းများဖြင့် ပါဝင်ချီးမွမ်းသီဆိုခဲ့ပါသည်။
ဝတ်ပြုကိုးကွယ်ခြင်း အစီအစဥ် သဘာပတိအဖြစ် ဆရာဝင်းထွဋ်သာကြည်က ဆောင်ရွက်ပြီး၊ ခရစ်ယာန်တေးဂီတ ပညာရှင်များ မိတ်သဟာယမှ ချီမွမ်းခြင်းကို ဦးဆောင်လျက် အစီအစဥ်ကို စတင်ခဲ့ပါသည်။ နှုတ်ခွန်းဆက်စကား ပြောကြားခြင်းကို နှစ်ခြင်းအသင်းချုပ် အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ အထူး ဆုတောင်းခြင်းကို နှစ်ခြင်း အသင်းချုပ် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်နှင့် အထူးဒေသနာကို Rev. Dr. ဆိုင်မွန်ပေါင်ခန့်အင်းမှ ဟောကြား ဝေငှခဲ့ပါသည်။ တစ်ပင်တိုင် ချီးမွမ်းခြင်းကို တေးသံရှင် လားဒင့်ထားရီ၊ တိုက်တွန်းနှိုးဆော်ခြင်းနှင့် အလှူတော်ငွေ ဆက်ကပ်ခြင်းကို Rev. ဂျာနော်ဂျူနီယာ၊ ကျေးဇူးတင် စကား ပြောကြားခြင်းနှင့် ကြေငြာခြင်းကို တွဲဖက်ဘဏ္ဍာထိန်း ဆရာစောစိုင်းလတ် မဟူရာဝါးတို့က ဦးဆောင်ခဲ့ပါသည်။ ဆရာယုဒသန်နှင့် မမအဲန်းပုံပါဝင်သော ရင်ထိုး စတစ်ကာများကို အမှတ်တရ ကပ်ပေးကာ တက်ရောက် ပါဝင်သူများ အားလုံးကို နေ့လည်စာအဖြစ် ဆီချက်ခေါက်ဆွဲဘူးများဝေငှပြီး အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများဖြင့် အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။