မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် (၁၈၅)ကြိမ်မြောက်အမှုဆောင်အဖွဲ့အစည်းအဝေး
ဇွန် 15, 2023
ယုဒသန်နေ့အကြို ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်
ဇူလိုင် 6, 2023

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ အနာဂတ်(၁၅နှစ် စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂-၂၃)ရက် များတွင် အသင်းချုပ် အစည်းအဝေးခန်းမ(၃)၌ နှစ်ခြင်းအသင်းချုပ် အရာရှိများ၊ ဌာနတာဝန်ခံများ၊ တွဲဖက် တာဝန်ခံများ၊ လက်ထောက်တာဝန်ခံများ၊ ရုံးအုပ်ကြီးနှင့် ပြတိုက်မှူးတို့ အတူတကွ ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့ပါသည်။ အစီအစဥ်ကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် စတင်ခဲ့ပြီး၊ သဘာပတိအဖြစ် ဆရာ မန်းဂီးဒီယံ၊ အမှာစကားနှင့်ခွန်အားပေးခြင်းကို အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ အထူး ဆု တောင်းခြင်းကို Rev. အိုက်နပ်တောင်း၊ ကောင်းချီး ပေးခြင်းကို Rev. ဘရန်ဆိုင်းတို့က ဦးဆောင်ခဲ့ပါသည်။

နှစ်ခြင်းအသင်းချုပ် အထွေထွေအတွင်းရေးမှူး၏ အမှာစကားနှင့် ခွန်အားပေးရာတွင် “ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြောင်း၊ အလုပ်တာဝန်များသော်လည်း ပါဝင်တက်ရောက်လာသူများကို အထူးကျေးဇူး တင်ကြောင်း၊ နိုင်ငံတိုင်း အဖွဲ့အစည်းတိုင်းတွင် နှစ်(၂၀) (၃၀) စီမံကိန်းများရေးဆွဲမှု ရှိကြကြောင်း၊ အသင်းချုပ် အနေနှင့်လည်း နှစ်ခြင်းသာသနာ နှစ်(၂၀၀)အလွန်တွင် ယခုအခါ (၁၅)နှစ်စီမံကိန်း ရေးဆွဲဖို့ ဖြစ်လာကြောင်း၊ စပါးစိုက်သူများအနေဖြင့် တစ်နှစ်စီမံကိန်းသာ ရေးဆွဲရန် လိုအပ်သော်လည်း အဖွဲ့အစည်း တည်ဆောက်မှု အလိုက် ‌ရေရှည်အတွက် ရေးဆွဲဖို့လိုကြောင်း၊ တိုးတက်သော ပုဂ္ဂိုလ်များအနေဖြင့် မိနစ်တိုင်းတွင် စီမံခန့်ခွဲနိုင်သူ များသည် တိုးတက်အောင်မြင်သူများဖြစ်ကြောင်း၊ လကမ္ဘာ သွားသော သူများ အနေဖြင့် စက္ကန့်တိုင်းတွင် ဆုံးဖြတ် လုပ်ဆောင်ရကြောင်း၊ ဆရာကြီးဘီလီဂရေဟမ်အနေဖြင့် အချိန်တိုင်း ဘုရား အမှုတော်မြတ်ကို လုပ်ဆောင်နေရာ အပြစ်လုပ်ဖို့ပင် အချိန်မရှိကြောင်း၊ သာမန်အနေဖြင့် (၂၄)နာရီကို စီမံခန့်ခွဲနိုင်လျှင် ရလဒ် ကောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တိမောသေသြဝါဒစာ ဒုတိယစောင် ၁း၇ တွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်သည် ကြောက်ရွံ့ သောစိတ်ကို မပေးထားဘဲ၊ အောက်ပါအချက်အချက်(၃)ချက်ကို ဘုရားသခင်ပေးအပ်ထားကြောင်း၊

၁။ တန်ခိုးပါသောစိတ် – လူတိုင်း တန်ခိုး လိုချင်ကြပါတယ်။ သို့သော်လည်း ဘုရားသခင်ပေးသောတန်ခိုးလား၊ လောကီ တန်ခိုးလားဆိုသည်ကို ခွဲခြမ်းဖို့လိုကြောင်း၊ လူတိုင်းသည် မိမိ၏ပညာ၊ ရာထူး၊ လုပ်နိုင်စွမ်းများကို သုံးချင်စိတ်ရှိကြ ကြောင်း၊ လွဲမှားနိုင်ကြောင်း၊ ဘုရားပေးသောတန်ခိုးကိုသာ အသုံးချ၍ တန်ဖိုးရှိစွာ၊ သင့်လျော် စွာ အနာဂတ်(၁၅)နှစ်တွင် လျှောက်လှမ်းလုပ်ဆောင်ဖို့ဖြစ်ကြောင်း။

၂။ ချစ်တတ်သောစိတ် – ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သော်လည်း ချစ်ခြင်းမေတ္တာသည် ဘုရား သခင် မဟုတ် ကြောင်း၊  ချစ်ခြင်းမေတ္တာကြောင့် လူအချင်းချင်း စကားများရခြင်း၊ ဝေးကွာသွားခြင်း၊ အကျိုးမဲ့ခြင်းများ ဖြစ်ရကြောင်း၊ ဘုရားသခင်ထက် ချစ်ခြင်းမေတ္တာ သို့မဟုတ် အခြားအရာတစ်ခုခုကို မချစ်မိဖို့ဖြစ်ပါတယ်။ Paul Tillick ပြောကြား ခဲ့သကဲ့သို့ “တရား မျှတခြင်း မပါသော ချစ်ခြင်းမေတ္တာသည် ကျောရိုးမရှိသောလူနှင့်တူ ကြောင်း”၊ (၁၅)နှစ် စီမံကိန်းကို တရားမျှတခြင်းဖြင့် ဆောင်ရွက်ဖို့ ဖြစ်ကြောင်း။

၃။ ရှင်းလင်းသောစိတ် – စိတ်ရှင်းလင်းဖို့လိုအပ်ကြောင်း၊ စည်းကမ်းရှိဖို့လိုအပ်ကြောင်း၊ တစ်‌‌ယောက်ချင်းစီ လိုက်နာဖို့ လိုအပ်ကြောင်း၊ အသင်းချုပ်တွင် ဆက်ကပ်ဆောင်ရွက်ရန်မှာ ကောင်းကင်တမန်များ ဆင်းမလာ သကဲ့သို့၊ ပညာရှင်များ၊ ကျွမ်းကျင်သူများ လည်း လုပ်ဆောင်မည်မဟုတ်ကြောင်း၊ အသင်းချုပ်ရုံးရှိ အရာရှိများ၊ ဦးဆောင်သူများနှင့် ဝန်ထမ်း များသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဤသုံးချက်ဖြင့် ဆက်လက် ဆက်ကပ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ခွန်အားပေးတိုက်တွန်းအမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းရေးဆွဲခြင်းအစီအစဥ်ကိုပြုလုပ်ရာ သုံးသပ်ချက်များစုစည်းတင်ပြခြင်းကို တွဲဖက် အထွေထွေ အတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း၊ စီမံကိန်းရေးဆွဲရေးအတွက် နည်းဗျူဟာများတင်ပြခြင်းကို CSSDD ဌာနတာဝန်ခံ Rev. Dr. မန်ခန့်ဆုမ်းတို့က ဦးဆောင်လျက် အားလုံးဝိုင်းဝန်းဆွေးနွေးအကြံပြု၍ ယခင်ရေးဆွဲ ခဲ့သော စီမံကိန်းများကို ခေတ်နှင့်အညီ ပြုပြင်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းတို့ဖြင့် အောက်ပါခေါင်းစဥ်များအတိုင်း လုပ်ဆောင်သွားရန် အတည်ပြု ရေးဆွဲခဲ့ကြပါသည်။

(၁) ဝိညာဥ်ရေးရာနိုးကြားရေးနှင့်သာသနာပြုရေးအစီအစဥ်

(၂) လူမှုဖွံ့ဖြိုးရေးအစီအစဥ်

(၃) ဒိုင်ယာလော့အစီအစဥ်

(၄) နှစ်ခြင်းယုံကြည်ချက်နှင့် အမွေအနှစ်များ စောင့်ရှောက်ရေးအစီအစဥ်

(၅) ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာအစီအစဥ်

 

နှစ်ခြင်းအသင်းချုပ်၏ ၂၀၂၄-၂၀၃၈ နှစ်အတွက် အဓိကအချက်များမှာ

(၂၀၂၄-၂၀၂၈)ခုနှစ် – အလိုတော်နှင့်စုံလင်ပြည့်ဝသောအသင်းတော်

၂၀၂၄ ခုနှစ်         –           ယုံကြည်ခိုင်ခံ့သောအသင်းတော်

၂၀၂၅ ခုနှစ်         –           ချစ်ခြင်းမေတ္တာပြည့်ဝသောအသက်တာ

၂၀၂၆ ခုနှစ်         –           အသင်းတော်သည် ကမ္ဘာမြေကြီး၏မျှော်လင့်ခြင်း

၂၀၂၇ ခုနှစ်         –           သမ္မာတရားနှင့် ပြည့်ဝသော ယုံကြည်သူ

၂၀၂၈ ခုနှစ်         –           ဝိညာဥ်ရေးရာ ရင့်ကျက်ပြည့်ဝသော အသက်ရှင်မှု

 

(၂၀၂၉-၂၀၃၃)ခုနှစ် – ဥဿုံသာသနာပြုသောအသင်းတော်

၂၀၂၉ ခုနှစ်         –           ဂရုပြုဝန်ထမ်းခြင်း

၂၀၃၀ ခုနှစ်        –           ပါဝင်ရောယှက်သောအသင်းတော်

၂၀၃၁ ခုနှစ်        –           ရှင်သန်ရပ်တည်သေသာအသင်းတော်

၂၀၃၂ ခုနှစ်         –           ဂုဏ်သိက္ခာကိုတန်ဖိုးထားခြင်း

၂၀၃၃ ခုနှစ်        –           အသက်နှင့်ပြည့်စုံခြင်း

 

(၂၀၃၄-၂၀၃၈)ခုနှစ် – ဝမ်းမြောက်ချီးမွမ်းဆက်ကပ်လျက် ကိုယ်ကျိုးစွန့်သောအသင်းတော်

၂၀၃၄ ခုနှစ်        –           ဝမ်းမြောက်ရွှင်လန်းသောအသင်းတော်

၂၀၃၅ ခုနှစ်        –           ပေးလှူခြင်းအားဖြင့် ကြွယ်ဝပြည့်စုံသောအသင်းတော်

၂၀၃၆ ခုနှစ်        –           ရှင်သန်ကြီးထွားတိုးပွားသောအသင်းတော်

၂၀၃၇ ခုနှစ်        –           သာသနာ့အမွေအနှစ်ကို လက်ဆင့်ကမ်းသောအသင်းတော်

၂၀၃၈ ခုနှစ်        –           ကျေးဇူးတော်ချီးမွမ်းလျက် ဆက်ကပ်စို့

(၂၃.၆.၂၀၂၃)ရက်နေ့ မွန်းလွဲ(၃း၀၀)နာရီအချိန်၌ နောက်တစ်ကြိမ်အစည်းအဝေးကို သြဂုတ်လ (၈)ရက်နေ့ နံနက်(၉း၀၀) နာရီတွင် ပြုလုပ်ရန် သတ်မှတ်ကြပြီး၊ အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်းက ကျေးဇူး တင်စကား ပြော ကြားလျက်၊ ဓမ္မအမှုတော်ဆောင်များဌာန တာဝန်ခံ Rev. Dr. စောအယ်သောက အထူး ဆက်ကပ် ဆုတောင်းပြီး၊သီသြလော်ဂျီဌာန တာဝန်ခံ Rev. Dr. စောစိုင်းရပ်စ်စိန်က ကောင်းကြီးပေးခြင်းဖြင့် အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။

 

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်